| ၇၇။ | ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက တင်ပြလျှောက်ထားလာလျှင် အောက်ပါ အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက်များ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကို စိစစ်ခွင့်ပြုနိုင်သည်။ |
| စက်ပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် ကင်းလွတ်ခွင့် |
| (က) | ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှုကာလ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း အမှန်တကယ်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောင်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊ |
| ကုန်ကြမ်းပစ္စည်းများအတွက် ကင်းလွတ်ခွင့် |
| (ခ) | ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ပို့ကုန်ထုတ်လုပ်ရန်အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်၊ |
| ပြန်လည်တင်ပို့သော ကုန်ပစ္စည်းများအတွက် ကောက်ခဲ့သည့် အခွန် ပြန်ထုတ်ပေးခြင်း |
| (ဂ) | ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ပစ္စည်းများ၊ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခဲ့လျှင် တင်ပို့သည့်ကုန်ပစ္စည်း ပမာဏအတွက် ပြည်ပမှတင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ပစ္စည်းများအပေါ်တွင် ကောက်ခံခဲ့သော အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်းအခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ပြန်လည်ထုတ်ပေးခွင့်၊ |
| ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပမာဏတိုးမြှင့်ခြင်းနှင့် ကင်းလွတ်ခွင့် |
| (ဃ) | ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပမာဏတိုးမြှင့်ပြီး မူလရင်းနှီးမြှုပ်နှံသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့တိုးချဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အမှန်တကယ်အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောင်ရေးပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။ |