| ၅။ | (က) | (၁) | အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရမည်။ သို့ရာတွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင် အမြဲတမ်းဝန်ထမ်းခန့်အပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။ |
| | (၂) | အလုပ်ထားခြင်းမပြုမီ အကြိုသင်တန်းကာလနှင့် အစမ်းခန့်ကာလသတ်မှတ်ပါက ယင်းသင်တန်းသားသည် ပုဒ်မခွဲငယ် (၁) ပါ သက်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။ |
| (ခ) | အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် အောက်ပါအချက်များပါဝင်ရမည်။ |
| | (၁) | အလုပ်အကိုင်အမျိုးအစား |
| | (၂) | အစမ်းခန့်ကာလ |
| | (၃) | လုပ်ခ၊ လစာ |
| | (၄) | အလုပ်အကိုင်တည်နေရာ |
| | (၅) | စာချုပ်သက်တမ်း |
| | (၆) | အလုပ်ချိန် |
| | (၇) | နားရက်၊ အလုပ်ပိတ်ရက်နှင့် ခွင့်ရက် |
| | (၈) | အချိန်ပိုလုပ်ကိုင်ခြင်း |
| | (၉) | အလုပ်ချိန်အတွင်း အစားအသောက်အစီအစဥ် |
| | (၁၀) | နေရာထိုင်ခင်း |
| | (၁၁) | ဆေးဝါးကုသခြင်း |
| | (၁၂) | အလုပ်ခွင်သို့ ကြို၊ ပို့ယာဥ်စီစဥ်ပေးခြင်းနှင့် ခရီးသွားလာခြင်း |
| | (၁၃) | အလုပ်သမားလိုက်နာရမည့် စည်းကမ်းချက်များ |
| | (၁၄) | အလုပ်ရှင်စေလွှတ်သည့်သင်တန်းသို့ တက်ရောက်ပါက ယင်းသင်တန်းတက်ရောက်ပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့် ကာလသတ်မှတ်ချက် |
| | (၁၅) | အလုပ်မှနှုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း |
| | (၁၆) | စာချုပ်ရပ်စဲခြင်း |
| | (၁၇) | စာချုပ်ပါစည်းကမ်းချက်အတိုင်း တာဝန်ရှိမှုများ |
| | (၁၈) | အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူဖျက်သိမ်းခြင်း |
| | (၁၉) | အခြားကိစ္စရပ်များ |
| | (၂၀) | စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း |
| | (၂၁) | အထွေထွေ |
| (ဂ) | အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင်စည်းကမ်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်ရမည့်အပြင် အလုပ်သမား၏ အကျိုးခံစားခွင့်များသည်လည်း တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ခံစားခွင့်များအောက် လျော့နည်းခြင်းမရှိစေရ။ |
| (ဃ) | အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အရ သတ်မှတ်ကာလထက်စော၍ လုပ်ငန်းပြီးဆုံးသွားလျှင်သော်လည်းကောင်း၊ မမျှော်လင့်သော အကြောင်းကြောင့် လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ လုပ်ငန်းတစ်စိတ်တစ်ဒေသကိုဖြစ်စေ ရပ်စဲလိုက်ရလျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန်ကိစ္စပေါ်ပေါက်လျှင်သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်သမားအား သတ်မှတ်ထားသော နစ်နာကြေးပေးရန် ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာထုတ်ပြန်ရမည်။ |
| (င) | ပုဒ်မခွဲ (က) အရချုပ်ဆိုသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၌ ယာယီခန့်ထားသည့် နေ့စားအလုပ်သမား၊ ပုတ်ပြတ်အလုပ်သမားများနှင့်လည်း သက်ဆိုင်စေရမည်။ |
| (စ) | အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားများသည် နှစ်ဖက်သဘောတူညီမှုဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ လုပ်ငန်းခွင်စည်းကမ်းနှင့် အကျိုးခံစားခွင့်များကို တည်ဆဲဥပဒေနှင့်အညီ လိုအပ်သလို ပြင်ဆင်နိုင်သည်။ |
| (ဆ) | အလုပ်ရှင်နှင့် အလုပ်သမားချုပ်ဆိုသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်မိတ္တူကို သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ သတ်မှတ်ကာလအတွင်း အလုပ်ရှင်က ပေးပို့ပြီး အတည်ပြုချက်ရယူထားရမည်။ |
| (ဇ) | ဤဥပဒေအတည်မဖြစ်မီ ချုပ်ဆိုခဲ့သော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်များသည် မူလစာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ အတည်ဖြစ်စေရမည်။ |